ဆီးချိုသွေးချိုနှင့်သင့်လျော်သော ကိုယ်ခံစွမ်းအားမြှင့်တင်ပေးသည့် အစားအစာများ
ဆီးချိုသွေးချိုနှင့်သင့်လျော်သော ကိုယ်ခံစွမ်းအားမြှင့်တင်ပေးသည့် အစားအစာများ
ဆီးချိုသွေးချိုရောဂါရှိသူများ၏ ကိုယ်ခံစွမ်းအားကို သန်မာစေခြင်းသည် ရရှိရန်လွယ်ကူသည့် ကူးစက်ရောဂါများနှင့် ဖျားနာခြင်းများအား ခုခံရန် သော့ချက်ဖြစ်သည်။ အဆိုပါ ရောဂါများသည် ကူစက်ပျံ့နှံ့တတ်သည်သာမက ကုသရန်လည်း ရှုပ်ထွေးပြီး ခက်ခဲလာနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆီးချိုသွေးချိုရောဂါသည် ကျွန်ုပ်တို့၏ ကိုယ်ခံစွမ်းအားအပေါ်တွင် သက်ရောက်မှုရှိခြင်းကြောင့်ဖြစ်သည်။
ဆီးချိုသွေးချိုရောဂါရှိသူများ၏ ခန္ဓာကိုယ်အတွင်းမှ သေးငယ်သောဇီဝသက်ရှိများသည် ပျံ့နှံ့ရန် အခွင့်အရေးများပြီး ကူးစက်ရောဂါများ ခံစားရစေနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ခံအား၏ တုံ့ပြန်မှုလျော့နည်းသွားခြင်းကြောင့်ဖြစ်သည်။ ဆဲလ်များသည် သွေးတွင်းသကြားဓာတ်များသည့် ပတ်ဝန်းကျင်တွင် ကျူးကျော်လာသည့် သေးငယ်သောဇီဝသက်ရှိများအား ပါဝင်ချေမှုန်းနိုင်ခြင်းမရှိတော့ပါ။ သို့သော် သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်သွားသည့်အခါ ခုခံအားစနစ်သည် ပိုမိုလျှင်မြန်စွာ အလုပ်လုပ်ပြီး ကူးစက်ရောဂါများအား ခုခံနိုင်သည်။
သွေးတွင်းသကြားဓာတ် မြင့်တက်သည့်အခါ ကိုယ်ခံအားစနစ် နည်းပါးသွားသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်းသည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ကိုယ်ခံစွမ်းအားကို ပုံမှန်အလုပ်လုပ်ဆောင်နိုင်စေရန် အဓိကသော့ချက်ဖြစ်သည်။
ကျွန်ုပ်တို့၏ ကိုယ်ခံအားသန်မာပြီး ကျန်းမာစေရန် လေ့ကျင့်ခန်းလုပ်ခြင်း၊ လက်ခဏခဏ ဆေးကြောခြင်း၊ အိပ်ချိန်မျှတစွာရှိခြင်း၊ ရေများများသောက်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းသည် သော့ချက်ဖြစ်သည်ကို သိပြီးသားဖြစ်သည်။ ဆီးချိုသွေးချိုရှိသူများနှင့် နာတာရှည်ရောဂါသည် မဟုတ်သူများအတွက် ကိုယ်ခံအားကို အထက်ပါနည်းအတိုင်း မြှင့်တင်နိုင်သည်။
ဆီးချိုသွေးချိုရှိသူများအတွက် စံပြုရမည့်အစားအစာတွင် အသား ၄ ပုံ ၁ပုံ၊ ကစီဓာတ် ၄ ပုံ ၁ပုံ နှင့် အရွက် ၄ ပုံ ၂ ပုံ ပါဝင်သင့်သည်။ အချိုရည်များ၊ ချိုလွန်းသော အသီးများ၊ သကြားနှင့် အချိုလွန်ကဲသော မုန့်များအား ရှောင်ရှားရမည်။ မြန်မာအစားအစာသည် အစားအစာတစ်နပ်တွင် ထမင်းတစ်ပန်းကန်အပြည့်အဝဖြစ်သောကြောင့် ဆီးချိုသွေးချိုရှိသူများ ရှောင်ရှားရမည်။ ဆီးချိုသွေးချို ရှိသူများသည် ထမင်း ၄ ပုံ ၁ ပုံသာ စားရမည်။
အောက်ပါအချက်များသည် ဆီးချိုသွေးချိုရောဂါရှိသူများနှင့်သင့်တော်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသော အစားအသောက်များဖြစ်သည်။
ကြက်သွန်နီနှင့် ကြက်သွန်ဖြူ
အဆိုပါ ၂ မျိုးလုံးသည် Antioxidant ကြွယ်ဝပြီး ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားတို့အား ကာကွယ်နိုင်သည့်အပြင် ကူးစက်ရောဂါများ နှင့် ကင်ဆာရောဂါအမျိုးအစားအချို့ကိုပင် လျော့နည်းစေသည်။
မှို
မှိုများသည် Antioxidant ကြွယ်ဝပြီး အမျှင်ဓာတ်၊ ဗီတာမင် B နှင့် လိုအပ်သော သတ္တုဓာတ်များဖြစ်သည့် Selenium နှင့် Copper ဓာတ်တို့ပါဝင်သည်။ လေ့လာချက်များအရ မှိုများသည် ရောဂါကူးစက်ခြင်းကို ခုခံပေးသည့် Cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးသည်။
ရှောက်၊ သံပရာမျိုးဝင် ချဉ်သောအသီးများ
အဆိုပါအသီးများသည် ဗီတာမင် C ကြွယ်ဝစွာပါဝင်သည်ဟု သိရှိရပြီး ၎င်းဓာတ်များသည် ကိုယ်ခံအားမြှင့်တင်ပေးသော အရာများဖြစ်ပြီး အခြားအကျိုးကျေးဇူးများလည်း ရှိသေးသည်။ လေ့လာချက်များအရ အဆိုပါအသီးများသည် Flavonoid Compound ၈၀၀၀ ကျော်ပါဝင်ပြီး ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်နှင့် အမျှင်ဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်သည်။
Sources & References:
- https://www.thediabetescouncil.com/can-you-increase-your-immunity-if-you-have-diabetes/
- https://www.healthline.com/health-news/diabetes-foods-to-boost-the-immune-system-020114#
- https://www.facebook.com/watch/?v=343599459937300
- https://www.facebook.com/watch/?v=669841390544190
- https://www.facebook.com/1713472832310923/videos/622494208399233