ဆီးချိုသွေးချိုရောဂါရှိသူတွေ အစာအာဟာရမှတစ်ဆင့် ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ကြမလဲ
ဆီးချိုသွေးချိုရောဂါရှိသူတွေ အစာအာဟာရမှတစ်ဆင့် ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ကြမလဲ
ဆီးချိုသွေးချိုရောဂါရှိသူများကို ကူးစက်ရောဂါ ကူးစက်နိုင်ချေမြင့်မားသည်ဟု မှားယွင်းသော အယူအဆများရှိနေသည်။ တကယ်တော့ ဆီးချိုသွေးချိုရောဂါရှိနေခြင်းကြောင့် ကူးစက်ရောဂါ ကူးစက်နိုင်မှုနှုန်း မမြင့်နိုင်ပါ။ အဲ့ဒီအစား ဆီးချိုသွေးချိုရောဂါရှိနေခြင်းကြောင့် ရောဂါကူးစက်မှုကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကိုပိုမိုဆိုးရွားစေနိုင်သည်။ ကိုယ်ခံအားလျော့နည်းနေသောကြောင့် ဆီးချိုသွေးချို ရောဂါရှိနေခြင်းက ပုံမှန်အားဖြင့် စိုးရိမ်ရနိုင်ချေရှိပါသည်။
ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် နေမကောင်းဖြစ်တဲ့အခါ ခုခံကာကွယ်နိုင်ရန် ကိုယ်ခံအားကောင်းအောင်လုပ်ဆောင်ဖို့ အဓိကကျပါသည်။ ကူးစက်ရောဂါကိုတိုက်နိုင်ဖို့ ကျန်းမာသောကိုယ်ခံအားစနစ်သည်သာ ဆီးချိုသွေးချိုရောဂါရှိသူတွေရဲ့ အကောင်းဆုံး အကာအကွယ်ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂)ရှိသူများသည် ကိုယ်ခံအားမြှင့်တင်ရေးကိုအာရုံစိုက်ဖို့ ပို၍ပင်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သွေးထဲတွင်သကြားဓာတ်မြင့်မားနေခြင်းကြောင့် ကိုယ်ခံအားခုခံကာကွယ်မှုစနစ်ကို လျော့ကျစေနိုင်ပီး ရောဂါကူးစက်မှုကိုပိုမိုကျရောက်စေနိုင်သည်။ အာဟာရကြွယ်ဝသောအစားအစာများကို မိမိတို့၏အစားအစာများတွင် ထည့်သွင်းစားသုံးခြင်းသည် ကိုယ်ခံအားခုခံကာကွယ်မှုစနစ်ကိုမြှင့်တင်ပေးရုံသာမက ကျန်းမာရေးအတွက် ကောင်းမွန်သော သွေးတွင်းသကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးနိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါရှိသူများသည် စိတ်ဖိစီးမှုများကို ထိန်းချုပ်ခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ လုံလောက်စွာအိပ်စက်ခြင်းနှင့် အစာအာဟာရဖြင့် ကိုယ်ခံအား စနစ်ကောင်းမွန်အောင် ထောက်ပံ့ပေးခြင်းတို့ကို အလေးထားလုပ်ဆောင်သင့်သည်။ ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ပြီးပြည့်စုံသည့်အစားအစာနှင့်ပတ်သက်၍ နည်းလမ်းမျိုးစုံနှင့် ငြင်းခုံမှုများရှိနေသလို ဆီးချိုသွေးချိုရောဂါရှိသူရော မရှိသူရော နှစ်ဦးလုံးအတွက် ထောက်ခံအကြံဉာဏ်ပေးလိုသောအစားအသောက်ပမာဏမှာ အတူတူပင်ဖြစ်သည်။ ထူးထူးခြားခြား အစားအစာများဝယ်စရာမလိုဘဲ ကြိုတင်အစီအစဉ်ဆွဲမှုအပေါ်တွင်သာ ပိုမိုအားထုတ်သင့်ပါသည်။
မည်သည့် အစာအာဟာရဗေဒပညာရှင် (သို့မဟုတ်) အာဟာရတတ်ကျွမ်းပညာရှင်မဆို “ ပမာဏထိန်းချုပ်မှု” သည် အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း သင့်အားပြောပြပါလိမ့်မည်။ မှန်ကန်သောအချိုးအဆမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။ သင်၏ပန်းကန်ထဲတွင် အချိုဓာတ်အညွှန်းကိန်း ပါဝင်မှုနည်းသော ကစီဓာတ်များ (Low Glycemic Index (GI) Carbohydrates) ဖြစ်သော Whole Grain ပေါင်မုန့် ၊ အသီးအနှံအစေ့အဆံ ၊ ပဲကြီး၊ ပဲလေး နှင့် အခြားပဲအမျိုးအစားများ လေးပုံပုံ တစ်ပုံ ။ အသားဓာတ်ပြည့်ဝသော အနီရောင်အသား ၊ ငါး၊ ကြက်သား (အရေခွံမပါ) နှင့် သတ်သတ်လွတ်စားလျှင် တိုဖူး လေးပုံပုံ တစ်ပုံ။ ကျန် နှစ်ပုံပုံ တစ်ပုံကိုတော့ ဟင်းသီးဟင်းရွက်များ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနှင့် ပဲများ ပါဝင်သင့်သည်။ သင်၏ထမင်းပန်ကန်ထဲတွင် လတ်ဆတ်သော အစားအစာများ “ Rainbow Color” ဟုဆိုနိုင်သည့် အာဟာရမျိုးစုံပါဝင်နေစေရန် စဉ်းစားရပါမည်။
ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်သော အစားအစာစာရင်းမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။
Beans & Legumes (ပဲအမျိုးမျိုး)
ကုလားပဲအပါအဝင် ပဲအမျိုးမျိုးတို့သည် အသားဓာတ် နှင့် အမျှင်ဓာတ် များစွာရရှိနိုင်သည်။ ရောဂါဖြစ်မှုကိုလျှော့ချပေးနိုင်သော Zinc ဓာတ် ၊ လုံလောက်သော ဗီတာမင်နှင့်သတ္တုဓာတ် ပမာဏပါဝင်ပါသည်။ ကုလားပဲတွင်ပါဝင်သော ပရိုတိန်းဓာတ်သည် ကိုယ်ခံအားကောင်းစေပီး အစာစားချင်စိတ်ကိုထိန်းညှိပေးပါသည်။ အမျှင်ဓာတ်စားသုံးမှု တိုးမြှင့်ခြင်းဖြင့် အစာမစားခင်သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။
Carrots (မုန်လာဥ)
မုန်လာဥသည် ဗီတာမင်အေအဓိကအရင်းမြစ်ဖြစ်သည့် ဘီတာကရိုတင်းဓာတ်များစွာပါဝင်ပြီး သင်၏မျက်လုံးများကို ကျန်းမာစေရန် ကူညီထိန်းသိမ်းပေးသည်။ မုန်လာဥတွင် မျက်လုံးပျက်စီးမှုကို ကာကွယ်ပေးနိုင်သော Lutein ပါဝင်သည်။ အမြစ်အမျိုးအစားဖြစ်သော ဟင်းသီးဟင်းရွက်များသည် ဗီတာမင်စီပါဝင်သောကြောင့် သင်၏ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။
Bell Peppers (ငရုတ်ပွ)
ငရုတ်ပွများတွင် ကယ်လိုရီနည်းသော်လည်း အာဟာရဓာတ်မြင့်မားသည်။ အထူးသဖြင့် ကိုယ်ခံအား ခုခံကာကွယ်မှုစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်၏ဆဲလ်များကို ပျက်စီးစေနိုင်သည့် free radicals တွေကိုဖယ်ရှားပေးနိုင်သော ဗီတာမင်စီပါဝင်ပါသည်။ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည့် ဗီတာမင်စီသည် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါရှိသူများ၏ သွေးတွင်းအချိုဓာတ်ပမာဏကို တိုးတက်ကောင်းမွန်စေသည်။ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည့် Vitamin A ၊ vitamin E ၊ vitamin K1 ၊ folate ၊ potassium ၊ capsanthin ၊ violaxanthin ၊ lutein ၊ quercetin နှင့် luteolin တို့ပါဝင်ပါသည်။
Broccoli (ပန်းဂေါ်ဖီစိမ်း)
ဂေါ်ဖီထုပ်အနွယ်ဝင်အရွက်များဖြစ်သည့် ပန်းဂေါ်ဖီစိမ်းသည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပြည့်ဝနေသော အာဟာရဓာတ်အားပေးစက်ရုံကဲ့သို့ ဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ကျန်းမာသောကိုယ်ခံအားတုံ့ပြန်မှုကိုထောက်ပံ့ပေးသော အကောင်းဆုံးဗီတာမင်စီ အရင်းအမြစ်ဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သော အမျှင်ဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် သွေးတွင်းသကြားဓာတ်ပါဝင်မှုကို လျှော့ချပေးပြီး သင်၏ကျန်းမာရေးကို နည်းလမ်းများစွာဖြင့် တိုးတက်ကောင်းမွန်စေနိုင်သည်။
Nuts (အခွံမာသီး)
အခွံမာသီးသည်အရသာရှိပြီး အစာစားရာတွင် ထည့်သွင်းစားသောက်ရန်လွယ်ကူသည်။ ၎င်းတို့မှာ အမျှင်ဓာတ်ပါဝင်ပီး အစာကျေလွယ်သော ကစီဓာတ်ပါဝင်မှု နည်းသည်။ လေ့လာမှုအမျိုးမျိုးအရ အခွံမာသီးကိုပုံမှန်စားသုံးခြင်းက ရောင်ရမ်းခြင်းကိုလျော့နည်းစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေနိုင်သည်။ အခွံမာသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပီး ကိုယ်ခံအားခုခံကာကွယ်မှုစနစ်ကို ကောင်းမွန်စေသည်။
Sources & References:
- https://www.facebook.com/watch/?v=242527747119890
- https://www.diabeteswa.com.au/covid-19-how-can-i-boost-my-immunity/
- https://www.timesnownews.com/health/article/add-these-5-plant-based-foods-to-your-diabetes-diet-to-lower-blood-sugar-boost-your-immunity/645732
- https://www.glucerna.com.au/what-can-i-do/eating-right-for-diabetes